US Intelligence Community
ဖဲဝိုင်းမှာ တစ်ခြားသူတွေလက်ထဲက ဖဲချပ်ကိုသိနိုင်တဲ့သူဟာ ဖဲဝိုင်းမှာ ရှုံးဖို့ခက်တယ်။ Intelligence ဆိုတာ ဖဲဝိုင်းမှာ ပြိုင်ဘက်တွေရဲ့ လက်ထဲက ဖဲချပ်ကို သိအောင်လုပ်တာမျိုးတဲ့။ စစ်ရေး၊နိုင်ငံရေးမှာ ပြိုင်ဘက်တွေရဲ့ လက်ထဲကအရာကို မြင်နိုင်တဲ့စွမ်းရည်က ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာ လူတိုင်းသိနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး The US Intelligence Community ဆိုတဲ့စာအုပ်ကို အမြည်းဖတ်ကြည့်တော့ သူတို့ဆီမှာ ထောက်လှမ်းရေးနဲ့ပတ်သက်ရင် အခြားနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ သိပံနှင့်နည်းပညာ၊ စီးပွားရေး၊ ဘဏ္ဍာရေး ဆိုတဲ့ ကဏ္ဍတွေအပြင် Sociological Intelligence နဲ့ Medical/Biometric Intelligence တို့ပါ လုပ်ဆောင်တယ်ဆိုပြီး ဖတ်ရတယ်။
Sociological Intelligence က နိုင်ငံတစ်ခုအတွင်းမှာ ရှိတဲ့ မတူညီတဲ့ အုပ်စုတွေရဲ့ ဆက်ဆံရေးကို အဓိကစုံစမ်းထောက်လှမ်းတာ။ မတူညီတဲ့ လူမျိုးစု၊ ဘာသာရေး၊ နိုင်ငံရေးပါတီတွေကြားမှာရှိတဲ့ ဆက်ဆံရေးက အဲ့ဒီနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ နိုင်ငံခြားရေးပေါ်လစီအပေါ်မှာ သိသိသာသာ အကျိုးသက်ရောက်စေတယ်။
Medical/Biometric Intelligence ကြတော့ အခြားသောနိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ကဏ္ဍအသီးသီးက အဓိကတာဝန်ရှိသူတွေရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ သိရှိနိုင်ဖို့ စုံစမ်းထောက်လှမ်းတာ၊ DNA နမူနာယူတာတွေ၊ တိုက်ဆိုင်စစ်ဆေးနိုင်ဖို့လုပ်ဆောင်တဲ့အပိုင်းတွေ စသဖြင့်ပေါ့။
အဲ့ဒါတွေကို စုံစမ်းထောက်လှမ်းဖို့အတွက် နိုင်ငံဖြတ်ကျော် ပစ်မှတ်တွေ၊ ဒေသဆိုင်ရာပစ်မှတ်တွေနဲ့ အမျိုးသားရေးပစ်မှတ်တွေဆိုပြီး ပစ်မှတ်အုပ်စု ၃ ခုခွဲပြီးလုပ်ဆောင်တယ်တဲ့။
US Intelligence Community မှာ တရားဝင်အဖွဲ့အစည်း ၁၇ ဖွဲ့ရှိပြီး၊ အဲ့ဒါတွေကို National intelligence organizations၊ Department of Defense intelligence၊ Military service intelligence organizations၊ Civilian departmental intelligence organizations ဆိုပြီး လုပ်ဆောင်ချက်အလိုက် အမျိုးအစား ၄ ခုခွဲခြားနိုင်တယ်။ အဲ့ဒီ အဖွဲ့အစည်း ၁၇ ဖွဲ့ထဲက
Central Intelligence Agency (CIA)၊
National Security Agency (NSA)၊
National Reconnaissance Office (NRO)၊
National Geospatial-Intelligence Agency (NGA)၊
၄ ဖွဲ့ကိုတော့ အမျိုးသားအဆင့်သတင်းအချက်အလက် စုဆောင်းခြင်းနဲ့ခွဲခြမ်းစိတ်ဖြာတဲ့အဖွဲ့အစည်းတွေရယ်လို့ သတ်မှတ်တယ်။ တရားဝင်ဖွဲ့စည်းထားတာ မဟုတ်တဲ့ အဖွဲ့ ၂ ဖွဲ့လည်းရှိသေးတယ်။ အဲ့ဒါတွေကတော့ CIA နဲ့ NSA ရဲ့ ဘက်ဂျက်ကနေ ထောက်ပံ့ပေးပြီး CIANSA ပူးတွဲ Operation လုပ်တဲ့ Special Collection Service ဆိုတာရယ်၊ National Underwater Reconnaissance Office (NURO). ဆိုတာရယ်ဖြစ်တယ်။ US Intelligence Community မှာ ဝန်ထမ်းပေါင်း ၅ သောင်းကျော်တာဝန်ထမ်းဆောင်လျက်ရှိတယ်တဲ့။ စာအုပ်မှာပါတဲ့ ကျန်တဲ့အပိုင်းတွေကတော့ အဲ့ဒီအဖွဲ့အစည်းတွေရဲ့ သမိုင်းကြောင်းတွေ၊ ဖွဲ့စည်းပုံတွေနဲ့ လုပ်ငန်းတာဝန်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပါ။ Intelligence နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေ၊ ကိုးကားချင်တဲ့သူတွေအတွက် ညွှန်းဆို လိုက်ရပါတယ်။

