The Perfect Weapon Documentary

စစ်ဆိုတာ ခေတ်နဲ့အတူပဲဖြတ်သန်းလာတာပါ။ ကျောက်ခေတ်မှာတုန်းက ကျောက်တုံးကျောက်ခဲတွေကို လက်နက်အဖြစ်အသုံးပြုပြီး စစ်တိုက်ခဲ့ကြသလို ယနေ့ နည်းပညာခေတ်မှာ နည်းပညာသာလွန်မှုကို လက်နက်သဖွယ်အသုံးပြုပြီး စစ်တိုက်လာကြပါပြီ။ အဲ့ဒီထဲမှာ ဆိုက်ဘာစပေ့ကိုအခြေခံတဲ့ စစ်ဆင်းရေးတွေလည်း ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Team MrLinuxer အနေနဲ့ ဒီလထဲမှာ ထွက်ရှိလာတဲ့ The Perfect Weapon (2020) ဆိုတဲ့ Documentary ရုပ်ရှင်ဇာတ်ကားလေးကို ညွှန်းဆိုချင်ပါတယ်။

၂၀၀၇ ခုနှစ်က အီရန်ရဲ့ နျုကလီးယားစီမံကိန်းကို ဖျက်ဆီးဖို့အတွက် အမေရိကန်နဲ့ အစ္စရေး တို့ပူးပေါင်းပြီး တိုက်ခိုက်တဲ့ Stuxnet ကိစ္စ။ ၂၀၁၃ ခုနှစ်မှာ အီရန်က လက်တုန့်ပြန်တဲ့အနေနဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အမေရိကန် ဘီလျံနာ Sheldon Adelson ပိုင်တဲ့ Sands Corporation ရဲ့ ကာစီနိုရုံတွေကို Hack လုပ်တဲ့ကိစ္စ။ Sheldon Adelson ဆိုတာ စင်္ကာပူက Marina Bay Sands ရဲ ပိုင်ရှင်ပေါ့။ ၂၀၁၄ ခုနှစ်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်ကိုလုပ်ကြံတဲ့အကြောင်း ရိုက်ကူးခဲ့တဲ့ The Interview ဇာတ်ကားနဲ့ပတ်သက်ပြီး လက်တုန့်ပြန်တဲ့အနေနဲ့ မြောက်ကိုးရီးယားရဲ့ ဆိုက်ဘာတိုက်ခိုက်မှု။ ဒီဇာတ်ကားက ကမ္ဘာ့ကုလသမဂ္ဂကို စာပို့ပြီး အမေရိကန်အနေနဲ့ ဇာတ်ကားကိုထုတ်လွှင့်ခွင့်မပေးပါနဲ့လို့ပြောတဲ့ကြားက ကမ္ဘာကကြည့်လိုက်ရတဲ့ကားပါ။ နိုင်ငံမကောင်းကြောင်းကို စာရွက်နဲ့ဖြန့်ဝေတာတောင် လက်မခံတဲ့နိုင်ငံ ကိုသွားထိတော့ Sony လည်း တော်တော်လေး အထိနာသွားတဲ့ Cyber War တစ်ခုပါပဲ။

နောက်တခုကတော့ ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမတိုင်မီမှာ ရုရှားက DNC network ကို Hack လုပ်ပြီး ဟီလာရီကလင်တန်ကို အရေးနိမ့်သွားစေတဲ့ ဆိုက်ဘာစပေ့အခြေခံနိုင်ငံရေးဆိုင်ရာ စစ်ဆင်မှု။ ထိပ်တန်းအင်အားကြီးနိုင်ငံတွေမှာ သမ္မတ တစ်ယောက်အပြောင်းအလဲဟာ ကိုယ့်နိုင်ငံရဲ့စီးပွါးရေး၊ နိုင်ငံရေး၊ စစ်ရေးနဲ့ အခြားသောအရေးပေါင်းများစွာနဲ့ ဆက်စပ်နေတဲ့အပြင် ကမ္ဘာ့အလယ်က မဟာမိတ်နိုင်ငံတွေရဲ့ အရေးနဲ့ပါဆက်စပ်နေပါတယ်။ ဒေါ်နယ်ထရမ့် သက်တမ်းတစ်လျှောက်မှာလည်း ရှရှား Hacker တွေနဲ့ပတ်သက်လို့တော်တော်လေး ဇာတ်လမ်းရှည်ကြီးရှင်းခဲ့ရပါသေးတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ ရုရှားကပဲ ယူကရိန်းနိုင်ငံရဲ့ အဓိကအခြေခံ အဆောက်အဦတွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။

နောက်ဆုံးကတော့ ဒေါ်နယ်ထရမ့် နာမည်ပေးထားတဲ့ Chinese Virus လို့ဆိုတဲ့ Coronavirus ပါ ။ ပြဿနာတွေမဖြေရှင်းနိုင်သေးဘဲ အပြန်အလှန်စွပ်စွဲနေကြတုန်းပါပဲ။ တရုတ်ကို Man made Virus လို့သွားစွပ်စွဲတော့ ဟိုဘက်ကလည်း သတင်းအမှားတွေပြန်ဖြန့်တော့တာပါပဲ။ Virus ရန်ထက် သူတို့အပြန်အလှန်သတင်းအမှားတွေက ကမ္ဘာကိုဦးနှောက်ခြောက်စေခဲ့ပါတယ်။ စစဖြစ်ချင်းမှာလဲ ရှရှားကလည်း သတင်းအမှားတွေကိုယူကရိန်းဆီဖြန့်ခဲ့ပါသေးတယ်။ ဒါကတော့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ Cyber War တစ်ခုပါပဲ။

အချုပ်ကတော့ Cyber War မှာ နိုင်ငံရေး ကျန်းမာရေး လူမှုရေး စီးပွါးရေး အနုပညာ နယ်ပယ် အားလုံးပါဝင်ပတ်သက်နေကြတာတွေပါပဲ။ ဘာမှကင်းကင်းနေလို့ကိုမရပါဘူး မျက်စိရှေ့မြင်နေရတဲ့ စစ်တပ်အင်အားရှိတာလည်းကောင်းသလို နောက်ကွယ် မမြင်ရတဲ့ Magic Bullet လို့တင်စားထားတဲ့ Cyber Power ရှိနေမှသာ ကိုယ့်နိုင်ငံက ပိုလုံခြုံတော့မှာပါ။ Cyber War မှာ စစ်ကြေငြာတာလဲမရှိသလို လူတစ်ယောက် နှစ်ယောက်လောက်နဲ့ ကိုယ့်နိုင်ငံက အချက်အလက်တွေ၊ ငွေကြေးဆုံးရှုံးမှုတွေ၊ နိုင်ငံရဲ့ ဒီဂျစ်တယ်အခြေခံအဆောက်အဦတွေကို ပြိုလဲနိုင်စေတာတွေ စသဖြင့် အများကြီးဖြစ်သွားနိုင်ပါတယ်။ ပထမ/ ဒုတိယ ကမ္ဘာစစ် စစ်ပွဲတွေက လက်နက်ချ လက်မှတ်ထိုးပြီး စစ်ပွဲတွေ ပြီးဆုံးခဲ့ကြပင်မယ့် Cyber War ဆိုတာဘယ်တော့မှ ပြီးဆုံးမှာမဟုတ်တဲ့ အသံတိတ်စစ်ပွဲတွေပါ။ Prevention is better than cure ပါပဲ ။ အတတ်နိုင်ဆုံး ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင်လုပ်ဖို့ ကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာ တကယ့်မှော်အစွမ်းလို Super Power ပေးနိုင်တာကတော့ Cyber Power ပါ။