Digital Intelligence ဖြင့် ဘရာဇီးမူးယစ်ဂိုဏ်အား ဖြိုခွင်းခြင်း – အပိုင်း ( ၁ )

ဘရာဇီးနိုင်ငံဟာ အကျယ်အဝန်အားဖြင့် ၃၂၈၇၉ ၅၆ စတုရန်းမိုင်ရှိပြီး တောင်အမေရိကတိုက်ရဲ့ အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများနဲ့ ၁၀၄၉ ၂ မိုင် (၁၆၈၈၅ ကီလိုမီတာ) အရှည် နယ်နိမိတ်ချင်းထိစပ်တဲ့ ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနယ်နိမိတ်ချင်းထိစပ်တဲ့နိုင်ငံဖြစ်ပြီး တောင်အမေရိကတိုက်နိုင်ငံအားလုံးနီးပါးနဲ့ နယ်နိမိတ်ချင်းထိစပ်တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ရေပိုင်နက် ၇၀၀၀ ကီလိုမီတာ ပေါင်းလိုက်မယ်ဆိုရင် ဒီလို ကြီးမားရှည်လျားတဲ့နယ်မြေတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အလုပ်တစ်ခုလို ဖြစ်နေပါတယ်။ ဒီလိုနယ်မြေအနေအထားကြောင့်လည်း ကမ္ဘာမှာ မူးယစ်ရောင်းဝယ်ဖောက်ကားမှုတွေရဲ့ ဆုံချက်လိုဖြစ်နေပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ တစ်နှစ်မှာ ဘီလီယံ၂၀ ဖိုးလောက်ရောင်းဝယ်ဖောက်ကားမှုရှိတယ်လို့ ဆိုပါတယ်။

ယခင်ကတော့ ဘရားဇီးရဲတပ်ဖွဲ့ဟာ ဘရားဇီးပိုင်နက်တွေကိုဖြတ်သန်းသမျှ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုတွေကိုဖမ်းဆီးဖို့ အာရုံစိုက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနည်းလမ်းနဲ့ ကိုးကင်းနဲ့အခြားတရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို ကွင်းဆက်ပြတ်အောင် ဖမ်းဆီးနိုင်ခဲ့ပေမဲ့၊ တကယ့်မူးယစ်ရာဇာကြီးတွေကိုတော့ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီလို မူးယစ်ဂိုဏ်းတွေဆိုတာကလည်း ပိရမစ်ပုံဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ပိရမစ်ထိပ်ပိုင်းက မူးယစ်ရာဇာတွေကို ဘယ်တော့မှ ဖမ်းဆီးရမိခြင်းမရှိခဲ့ဘူး။ ဒါကလည်း ဘရားဇီးနိုင်ငံမှာတင် မဟုတ်ပါဘူး။ ကမ္ဘာ မှာလည်း အဲဒီလို မူးယစ်ရာဇာကြီးတွေကို ဖမ်းဆီးရမိခြင်းမရှိကြပါဘူး။

ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ Policia Federal ရဲ့ အေးဂျင့်ဟောင်းလဲဖြစ်၊ ဝါရင့်စုံစမ်းစစ်ဆေးသူ စစ်ပြန်တစ်ဦးလည်းဖြစ်တဲ့ Commissioner Elvis Secco ကို ရာဇဝတ်မှုကြီးတွေ ကျူးလွန်တဲ့အဖွဲ့အစည်းတွေကို အဓိကထားပြီး စုံစမ်းဖော်ထုတ်ဖို့ GISE (Grupo Especial de Investigacoes Sensiveis) လို့ခေါ်တဲ့ အထူးဖွဲ့စည်းထားတဲ့ အဖွဲ့ကိုခေါင်းဆောင်အဖြစ် ခန့်အပ်ပြီးတဲ့နောက်ပိုင်းမှာတော့ တကယ်ကို ပြောင်မြောက်တဲ့ အပြောင်းအလဲတွေဖြစ်ပေါ်လာခဲ့ပါတယ်။

GISE အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို Secco တာဝန်ယူပြီးနောက်ပိုင်းမှာ သူ့အဖွဲ့ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို စုံစမ်းစစ်ဆေးခိုင်းတာထက် မူးယစ်ရာဇာကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ သူတို့ရဲ့ ဘဏ်စာရင်းနဲ့ မြေပေါ်ပိုင်ဆိုင်မှုတွေကို ဒစ်ဂျစ်တယ်နည်းပညာသုံးပြီး ခြေရာခံတာနဲ့ သိမ်းဆည်းတာကိုပဲ အာရုံစိုက်ပြီး လုပ်ခိုင်းပါတော့တယ်။

Secco နဲ့ သူ့အဖွဲ့က ငွေကြေးခဝါချတဲ့လုပ်ငန်းတွေမှာ ဒီလိုမူးယစ်အဖွဲ့အစည်းတွေနဲ့ဆက်စပ်နေတာကိုစောင့်ကြည့်နေခဲ့တယ်။ ဒီလိုနဲ့ သူတို့ရလိုက်တဲ့ အသိတစ်ခုက မူးယစ်ဆေးဝါးရောင်းဝယ်နေကြတာကို ဟိုတစ်နေရာ ဒီနေရာ လိုက်ပြီးဖမ်းနေတာဟာ ဘရားဇီးရဲ့ မူးယစ်မှောင်ခိုပြဿနာကိုရပ်တန့်မသွားစေနိုင်ဘူးဆိုတာကို နားလည်းသဘောပေါက်လာတယ်။

Secco က ပိရမစ်ရဲ့ ထိပ်ကိုရောက်ဖို့လိုနေပြီ ။ အဲဒီကိုရောက်ဖို့ ဘယ်လိုသွားရမလဲဆိုတာ စဉ်းစားရမယ်။ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာက အရေးမကြီးတဲ့သူတွေဆီကိုပဲ ဦးတည်စေပြီး၊ တကယ့်ခေါင်တွေဖြစ်တဲ့မူးယစ်ရာဇာကြီးတွေကို ဖမ်းဆီးရမိဖို့ဆိုတာ သိပ်ကိုအလှမ်းဝေးနေတယ်၊ သူတို့ကိုပြိုလဲသွားအောင်လုပ်ရမယ့် ချက်ကောင်းကတော့ သူတို့ငွေကြေးခဝါချတဲ့လမ်းကြောင်း နဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုထိခိုက်အောင်လုပ်တာပဲ။ ဒါကလည်း လွယ်တော့မလွယ်ပါဘူး။

Seccopဟာ Digital Intelligence (DI) ကို သိတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အေဂျင်စီတွေအနေနဲ့ သူတို့ရဲ့ operation တွေကို ပိုမိုထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့အတွက် စမတ်ဖုန်းတွေ၊ tablet တွေ၊ ကွန်ပျူတာတွေ နဲ့ Cloud တွေကနေ အချက်အလက်တွေကို ထုတ်ယူပြီး ၊ စစ်ဆေးတာတွေ၊ အချက်အလက်တွေ စီမံခန့်ခွဲတာ၊ အဲ့ဒီအချက်အလက်တွေကို သိမ်းဆည်းထားပြီး လိုအပ်တဲ့အခါ လိုအပ်တဲ့နေရာတွေအတွက် ပံ့ပိုးပေးတာတွေကို လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ဟာ တကယ့်အချက်ပဲဖြစ်ပါတယ်။ ဒီလိုအဖွဲ့အစည်းတစ်ခုကို ပြောင်းလဲဖို့ဆိုတာ အချိန်၊ နည်းပညာနဲ့ လူတွေအတွက် လိုအပ်တဲ့သင်တန်းပေးရမှာဖြစ်ပြီး စုံစမ်းစစ်ဆေးတဲ့နည်းလမ်းတွေကိုလည်း ပြုပြင်မွမ်းမံဖို့လိုအပ်ပါတယ်။ ဒီလိုအခက်အခဲတွေရှိပေမဲ့ Elvis Secco ဆိုတာ ဒီလုပ်ငန်းကို အောင်မြင်အောင်လုပ်မယ့် လူတစ်ယောက်ပါ။

၂၀၁၉ မှာ CGPRE (General Coordination for Drugs and Organised Crime Repression) ဖက်ဒရယ်ရဲတပ်ဖွဲ့ဌာနချုပ်ကို ဦးဆောင်ညွှန်ကြားရေးမှူးရာထူးနဲ့ Secco ကိုရောက်သွားတဲ့အချိန် မူးယစ်ရာဇာတွေကိုဖမ်းမိဖို့ အဆင့် ၃ ဆင့်ကိုချမှတ်အကောင်အထည်ဖော်ခဲ့တယ်။ အဆင့် (၁) ကဘာလဲဆိုတော့ မူးယစ်ဆေးဝါးနှိမ်နင်းမှုမှာပါဝင်တဲ့ အရာရှိတွေရဲ့ သဘောထားအမြင်ကိုပြုပြင်ပြောင်းလဲတာတွေလုပ်ခဲ့တယ်။

ကမ္ဘာ တလွှားမှာလည်း မူးယစ်ဆေးဝါးအမှုဆိုရင် သူနဲ့ ဆက်စပ်တဲ့အရာတွေကိုပဲ ဖမ်းဆီးရမိဖို့ကြိုးစားခဲ့ကြတယ်။ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ တစ်နှစ်ကိုမူးယစ်ဆေးဘယ်လောက်မိသလဲဆိုတဲ့ ပြိုင်ပွဲတွေတောင်လုပ်ခဲ့ကြသေးတယ်။ Secco က

” မူးယစ်ရောင်းဝယ်ဖောက်ကားတဲ့လမ်းကြောင်းတစ်ခု ဆုံးရှုံးရတာက တကယ်တော့ မူးယစ်ရာဇာတွေအနေနဲ့ ဘာမှဖြစ်မသွားဘူး။ ဘာလို့လဲဆိုတော့ ဒီလမ်းကြောင်းမှမဟုတ်ဘဲ သူတို့ရဲ့ တခြားလမ်းကြောင်းတွေအများကြီးထဲကနေလည်း ဈေးကွက်ထဲကိုရောက်သွားတာကြီးပဲ။ ဒါကြောင့်လဲ သူတို့က သန်းနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေရနေတာပေါ့။ ဘရာဇီးနယ်စပ်တလျှောက်မှာပျံ့နှံ့နေတဲ့ မူးယစ်လမ်းကြောင်းတွေကို ကြားဝင်နှောင့်ယှက်ဖျတ်ဆီးဖို့ဆိုတာ သိပ်ကိုရှုပ်ထွေးပြီး မလိုအပ်ဘဲ အရင်းအမြစ်တွေကိုသုံးစွဲနေရတယ်။ “

Secco က သူ့ရဲ့ အစီအစဉ်အသစ်မှာ သူ့ရဲ့ညွှန်ကြားချက်တွေကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးမယ့် အရာရှိ ၁၃ ယောက်နဲ့ပဲဖွဲ့စည်းထားတယ်။ သူတို့ရဲ့အဓိကအလုပ်က နည်းပညာသုံးပြီး မူးယစ်ရာဇာကြီးတွေရဲ့ ငွေကြေးခဝါချမှုတွေ၊ ဘဏ်စာရင်းတွေ၊ မူးယစ်ဈေးကွက်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ လေယာဉ်၊ အပျော်စီးသဘောတွေ

သိမ်းဆည်းရမိဖို့ကိုပဲ အာရုံစိုက်လုပ်ကြရတယ်။

Secco က သူ့ရဲ့လုပ်သက် နှစ် ၂၀ အတွင်းမှာ ဒီမူးယစ်ရာဇာကြီးတွေက ပိုချမ်းသာလာပြီး ပိုပြီးလည်းအင်အားတွေကြီးထွားလာတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေဖမ်းမိတာလောက်က တကယ်သွားရမယ့်လမ်းကြောင်းအမှန်မဟုတ်ဘူး။ တကယ်က ထိပ်ခေါင်တွေရဲ့ ငွေကြေးခဝါချမှုတွေ၊ အကျိူးအမြတ်ပိုင်ဆိုင်မှုတွေပြိုလဲသွားစေဖို့နဲ့ နိုင်ငံတကာကပူးပေါင်းဆောင်ရွက်မှုတွေကပဲ လမ်းကြောင်း အမှန်ဖြစ်တယ်။ ဒါမှသာ သူတို့ရဲ့ခေါင်းဆောင်ကိုလည်းမိမယ်။သူတို့ရဲ့ ဖွဲ့စည်းပုံလည်းပျက်မယ်။

ဆက်ရန်

./Team MrLinuxer